လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ဖွင့်လှစ်မည့် မဲရုံများ၊ မဲစာရင်းကပ်ထားမှုများအား မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးကျက်သရေ (အရှေ့) ရပ်ကွက်ရှိ အ.ထ.က (၁) တွင်ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၁) ၌ မဲရုံကြိုတင်ပြင် ဆင်ထားမှု၊ မဲရုံမှူးများနှင့် ဒု-မဲရုံမှူးများအား မဲပေးစက်များနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြသနေမှု၊ သီရိမာ လာ (အနောက်) ရပ်ကွက်ရှိ အ.ထ.က (၂၁) တွင်ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၃) ၌ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် သီရိမာလာ (အနောက်) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုအား ပြည်သူများလာရောက်ကြည့်ရှုနေမှု၊ အ.ထ.က (၁၀) တွင်ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၂) နှင့် အမှတ် (၅) တို့တွင် မဲရုံကြိုတင်ပြင်ဆင်ထားမှု၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ နှင်းဆီကိုးခန်းဓမ္မာရုံတွင် မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဥ် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။
