ချန်ပီယံဖြစ်ဖို့ ခြေလှမ်းတစ်လှမ်း ပိုနီးလာပြီဟု အောင်လအန်ဆန်က ဒီမနက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းသွားတဲ့ ONE Championship One Fight Night-6 ပြိုင်ပွဲမှာ ပြိုင်ဘက်ဘရာဇီးဖိုက်တာ ဂီလ်ဘာတိုကို ပထမအချီ ၁ မိနစ်နဲ့ ၂၉ စက္ကန့်မှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရပြီးချိန်မှာ ပြောကြားလာပါတယ်။
“ဒီနှစ်ကိုတော့ အောင်ပွဲနဲ့အတူစတင်နိုင်ခဲ့ပါပြီ အဲ့ဒါက မြန်မာပရိတ်သတ်များစွာရှိတဲ့ ဘန်ကောက်မှာဖြစ်နေခြင်းက အံသြစရာကောင်းတဲ့စတင်မှုတစ်ခုပါပဲ။ ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပြီးတော့ဒီပွဲကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေအားလုံးက ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိပြီး၊ ကျွန်တော်တို့မြန်မာပြည်ရဲ့ ကောင်းမွန်တဲ့နေ့ရက်တွေအတွက် အမြဲဆုတောင်းပေးနေပါတယ်” လို့ အောင်လအန်ဆန်ကပြောပါတယ်။
အံ့ဩစရာကောင်းတဲ့ အစီအစဉ်ကိုတင်ဆက်ပေးပြီး ပါဝင်ခွင့်ပေးတဲ့ One Championship နဲ့ Chatri တို့ကို ကျေးဇူးတင်ရှိကြောင်း၊ Kill cliff FC၊ Henri hoft နဲ့ ကျွန်တော့်အသင်းဖော်တွေအားလုံးကိုလဲ အထူးကျေးဇူးတင်ကြောင်း၊ သူ့တွက် အမြဲရှိနေပေးတဲ့မိသားစုနဲ့ ဇနီးကိုလဲ အထူးချစ်ခင်ပြီးကျေးဇူးတင်ကြောင်း ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးအထူးတင်ကြောင်း ကိုလည်း ပြောခဲ့ပါတယ်။
ပရိတ်သတ်တွေအားလုံး ဘေးရန်ကင်းရှင်းကြပြီး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပြီး ချန်ပီယံဖြစ်ဖို့အတွက် ခြေလှမ်းတစ်လှမ်း ပိုနီးလာပါပြီ လို့လည်း အောင်လအန်ဆန်ကဆိုပါတယ်။
ဒီနေ့ နိုင်ပွဲဟာ အောင်လအန်ဆန်အတွက် ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးနိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ချန်ပီယံခါးပတ်တွေလက်လွတ်ခဲ့ရပြီး ပြန်လည်ယှဥ်ပြိုင်ရာမှာ တတိယမြောက်နိုင်ပွဲလည်း ဖြစ်ပါတယ်။





