မနီလာ၊ ဖေဖော်ဝါရီ ၁၄
ဖိလစ်ပိုင်မှ လူပျိုကြီး မြို့တော်ဝန်သည် ချစ်သူမရှိသော ၄င်း၏ဝန်ထမ်းများကို သူတို့၏အချိန်ပို အလုပ်ဆင်းပေးခြင်းနှင့် တစ်စုံတစ်ဦးက သူတို့အား ချစ်ကြောင်းပြသရန်အတွက် ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့တွင် လုပ်အားခ အပိုပေးနေကြောင်း သိရသည်။
ခယ်ဇွန်ပြည်နယ် ဂျန်နရယ်လူနာ မြို့တော်ခန်းမရှိ တစ်ကိုယ်ရေတစ်ကာယဝန်ထမ်းများသည် ငါးနှစ်ကျော်ကြာ ချစ်သူရည်းစားမထားရှိဘဲ နေလာကြောင်းကို သက်သေပြနိုင်ပါက ချစ်သူများနေ့တွင် သူတို့၏ တစ်နေ့တာ ပုံမှန်လုပ်အားခထက် သုံးဆပိုမိုရရှိမည် ဖြစ်သည်ဟု မြို့တော်ဝန် မက် ဖလော်ရီဒိုက AFP သတင်းဌာနသို့ ပြောခဲ့သည်။
ငါးနှစ်မကြာသေးသော ဝန်ထမ်းများမှာမူ လုပ်အားခ နှစ်ဆ သို့မဟုတ် လုပ်အားခ ခံစားခွင့်ရှိသည့် ခွင့်ရက်ရရှိမည်ဖြစ်သည်။
“သူတို့ခံစားနေရတာကို ကျွန်တော်နားလည်ပါတယ်။ ချစ်သူများနေ့မှာ ဘယ်သူမှ သူတို့ကို ချောကလက်တွေ၊ ပန်းစည်းတွေ ပေးမှာမဟုတ်ဘူးလေ။ ဒါကြောင့် တစ်ယောက်ယောက်က သူတို့ကို ဂရုစိုက်တယ် ချစ်တယ်လို့ ခံစားရအောင် ဒီလိုမျိုး မက်လုံးတွေ ပေးဖို့ စိတ်ကူးဖြစ်တာပါ” ဟု မွေးကတည်းက ချစ်သူရည်းစားမထားဖူးသူ အသက် ၄၂ နှစ်အရွယ် မြို့တော်ဝန်က ဆိုသည်။
မြို့တော်ခန်းမ ဝန်ထမ်း ၂၈၉ ဦးအနက် ၃၇ ဦးက တင်းကြပ်သော စစ်ဆေးမေးမြန်းမှုများကို ဖြတ်ကျော်ကာ အဆိုပါ ခံစားခွင့်ကို ရထိုက်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု သိရသည်။
ထိုသို့ ပြုလုပ်လာသည်မှာ သုံးနှစ်ဆက်တိုက် ရှိပြီဖြစ်ပြီး သူ၏ ကိုယ်ပိုင်ငွေဖြင့် ပေးကမ်းခြင်းဖြစ်ကြောင်း၊ လိုအပ်ချိန်တွင် အချိန်ပိုဆင်းပေးလေ့ရှိသော တစ်ကိုယ်ရေတစ်ကာယဝန်ထမ်းများကို အသိအမှတ်ပြု၍ ပေးခြင်းလည်းဖြစ်ကြောင်း ဖလော်ရီဒိုက ပြောခဲ့သည်။
Source:CNA