ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်ရေများမှာ သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မြစ်ကမ်းအနီးနေထိုင်သူများသတိပြုရန်
မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (ဇူလိုင် ၁၄ ရက်) မြန်မာစံတော်ချိန် ၀၆:၃၀ နာရီ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့အပြင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေမည်ဟု ခန့်မှန်းထားသည်။
စစ်တောင်းမြစ်ရေမှာလည်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ ဟုမ္မလင်းမြို့နယ်၊ ဘားအံမြို့နယ်နှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုအခြေအနေကို အထူးဂရုပြု၍ သတိပြုနေထိုင်ကြရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားသည်။
