စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီး၌ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေသူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ၏ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာသယ်ယူပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်လျက်ရှိသည်။
ထိုသို့ တည်ဆောက်နေမှုအား စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်ဦးမြတ်ကျော်မှ ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ လက်ထောက်ညွှန်ကြားရေးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်သော ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ပင်းမာကျေးရွာနှင့် ထမံသီကျေးရွာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတို့ရှိ တံတားကြီးတည်ဆောက်နေမှုလုပ်ငန်းများ၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တံတားကြီး၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ရှိ ချဉ်းကပ်လမ်းများကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်မှ ဆောက်လုပ်မှုကုန်ကျစရိတ်ပြောင်းလဲမှုမရှိစေရန်နှင့် အသုံးပြုမည့်ပြည်သူများ အချိန်စောစွာအကျိုးခံစားရစေရန် တည်ဆောက်ရေးလုပ်ငန်းများအားသတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရန်၊ မိုးတွင်းကာလရောက်ပြီဖြစ်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ချင်း တွင်းမြစ်ရေကြီးမှုတို့ကြောင့် မလိုအပ်သည့် ပျ-က်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး ကြိုတင်မျှော်တွေးကာ လိုအပ်သည်များကိုစီမံဆောင်ရွက်ထားရန်တို့ကို မှာကြားခဲ့သည်။
ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ သံကူကွန်ကရစ်တံတားအမျိုးအစား တံတားအရှည် (၈၀၁)မီတာ၊ အကျယ် (၉ဒသမ ၄)မီတာ၊ တံတားအခန်းပေါင်း(၁၅)ခန်း၊ ရေလမ်းကင်းလွတ်အမြင့် (၄၀)ပေ(HFL)ဖြင့် တည်ဆောက်လျက်ရှိပြီး လက် ရှိအချိန်တွင် (၉၂ ဒသမ ၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ် သည်။
