ရန်ကုန်မြို့ပတ်ရထားကို ခေါက်ရေ ၃၀ ဖြင့်ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေမှာလည်း ယခင်ထက်တိုးလာကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
ယခင်က မြို့ပါတ်ရထားစီးနင်းခမှာ ၂၀၀ ကျပ်ဖြစ်ပြီး ယခုအခါ မြို့တစ်ပါတ်မပြေးဆွဲတော့ဘဲ ရန်ကုန်-အင်းစိန် ပြေးသည့်အတွက် ၁၀၀ ကျပ်သာသတ်မှတ်ထားကြောင်း သိရသည်။ လက်ရှိတွင် မြို့ပတ်ရထားကို ဈေးသည်အများစုကသာစီးနင်းနေပြီး ဘတ်စ်ကားကိုသာအများဆုံးစီးနင်းမှုရှိကြောင်း သိရသည်။
“ အန်တီတို့က ဖျာတို့ ယပ်တောင်တို့ရောင်းတာပေါ့။ အရင်ကတည်းကလည်းရထားပဲစီးတာပါ။ အရင်တုန်းကဆိုရင် ရုံးတက်ရုံးဆင်းချိန်ဆိုရင်တောင် ရထားကိုစီးကြသေးတယ်။ အခုဟာက သိပ်မစီးကြတော့ဘူး။ ရထားလာတဲ့အချိန်ကတော့ မှန်တယ်။ စီးတယ့်သူက နည်းလည်းမနည်းသလို များလည်းမများဘူး။ သူ့ဟာနဲ့သူတော့ စီးကြပါတယ်”ဟု ဈေးသည်တစ်ဦးက ပြောသည်။
ကိုဗစ်မတိုင်ခင်အချိန်က မြန်မာ့မီးရထားမှ တစ်ရက်လျှင် ပြေးဆွဲခေါက်ရေ ၂၁၅ ခေါက်၊ RBE ရထားတွဲဆိုင်း ကိုးဆိုင်း၊ တွဲဆိုင်းကြီး ၁၄ ဆိုင်းဖြင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်း၌ မြို့ပတ် ဘူတာ ၃၈ ဘူတာ၊ ဆင်ခြေဖုံးဘူတာ ၁၇ ဘူတာဖြင့် စုစုပေါင်းဘူတာ ၅၅ ဘူတာကိုပြေးဆွဲပေးနေပြီး ရထားစီး ခရီးသည်ဦးရေမှာ တစ်ရက်လျှင် ပျမ်းမျှဦးရေ ရှစ်သောင်းခွဲ ခန့်ထိ လိုက်ပါစီးနင်းကြောင်း သိရသည်။
လက်ရှိတွင်လည်း JICA ၏ 2-step loan ချေးငွေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ယင်းတွင် ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာအသစ် ၃၆ ခုတည်ဆောက်ခြင်း၊ ရန်ကုန်ဘူတာကြီးနှင့် ကြည့်မြင်တိုင်ဘူတာတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ လူကူးခုံးကျော်တံတား ၂၉ စင်း တည်ဆောက်ခြင်း၊ လူကူးခုံးကျော်တံတား ၃၀ စင်း ပြုပြင်ခြင်း၊ ကားလမ်းခုံးကျော်တံတား ၂၂ စင်း တည်ဆောက်ခြင်းနဲ့ ခြံစည်ရိုး ၃၅၉၉၀ ပေ ကာရံခြင်းလုပ်ငန်းတို့ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထိ လုပ်ငန်းများပြီးစီးရန် လျာထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ၂၀၂၆ ခုနှစ်တွင်အပြီးဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း သိရသည်။

