ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard)ဝင် စစ်သည်နှစ်ဦး ပစ်ခတ်ခံရပြီးနောက် ခိုလှုံခွင့်(Asylum)ဆိုင်ရာ ဆုံးဖြတ်ချက်တွေအားလုံးကို အမေရိကန်အစိုးရက ရပ်တန့်လိုက်ပြီလို့ အမေရိကန် လ.ဝ.က(USCIS) ဒါရိုက်တာ Joseph Edlow က ပြောပါတယ်။
“နိုင်ငံခြားသားတိုင်းကို အများဆုံးအတိုင်းအတာအထိ စိစစ်စစ်ဆေးပြီးပြီလို့ အာမခံနိုင်တဲ့အထိ” ခိုလှုံခွင့်ပေးတာကို ခေတ္တရပ်ဆိုင်းထားမယ်လို့ Edlow က X (ယခင် Twitter) မှာပြောခဲ့တာပါ။
ဒီကြေညာချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်က “တတိယကမ္ဘာနိုင်ငံများ” အားလုံးကနေ အမေရိကန်ကို ရွှေ့ပြောင်းလာတာကို “အပြီးအပိုင် ရပ်ဆိုင်း” မယ်လို့ပြောပြီး မကြာခင်မှာ ထွက်ပေါ်လာတာပါ။
ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုအတွက် အာဖဂန်နိုင်ငံသားတစ်ဦးကို အပြစ်တင်ထားပြီး၊ အဲဒီပစ်ခတ်မှုကြောင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီလို့ ထရမ့်က ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ USCIS အရာရှိတွေကို ဘယ်နိုင်ငံသားဖြစ်ဖြစ် လက်ခံရရှိတဲ့ ခိုလှုံခွင့်လျှောက်လွှာတွေကို အတည်ပြုတာ၊ ပယ်ချတာ ဒါမှမဟုတ် ပိတ်သိမ်းတာမျိုး မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပေမယ့်၊ “ဆုံးဖြတ်ချက်ထည့်သွင်းမယ့်အဆင့်ရောက်ရင် ရပ်ပြီး ဆိုင်းထား” ရမယ်လို့ ညွှန်ကြားထားကြောင်းဆိုပါတယ်။
ထရမ့်ဟာ တရားမဝင် ဝင်ရောက်လာသူတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်ဖို့၊ နှစ်စဉ် ဒုက္ခသည်လက်ခံမှု အရေအတွက်ကို လျှော့ချဖို့နဲ့ အမေရိကန်ပိုင်နက်မှာ မွေးဖွားသူတိုင်း အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရတဲ့ အခွင့်အရေးကိုပါ အဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
