မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၏ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သည့် အနီးစခန်းလေဆိပ်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၁၁ ရက်) တွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လေဆိပ်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက အနီးစခန်းလေဆိပ် အဆောက်အဦသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အနီးစခန်းလေဆိပ် ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လေဆိပ်အဆောက်အဦသစ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ လေဆိပ်အဆောက်အဦသစ်နှင့် လေယာဉ်ရပ်နားရန်နေရာအသစ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
