ခရစ်စမတ်ရုံးပိတ်ရက်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေနိုင်ရန် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်ဟု မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
ထိုခရီးစဉ်များတွင် ပုံမှန်ရထားများ အပြင် အထူးရထားများအား ဖော်ပြထားသည့် နေ့ရက်များ အတိုင်း တိုးချဲ့ပြေးဆွဲပေးသွားခြင်းလည်း ဖြစ်သည်။
ထိုနည်းတူ ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ရထားများအတွက်ကြိုတင်လက်မှတ်များ ရောင်းချရာတွင် ငါးရက် ကြိုတင်ပြီး ဖုန်း ၀၉ ၈၈၀ ၉၄၂ ၆၀၀ (နေပြည်တော်)၊ ၀၉ ၈၈၀ ၉၄၂ ၆၀၁ (ပျဉ်းမနား)၊ ဝ၉ ၈၈၀ ၉၄၂ ၆ဝ၈ (ရန်ကုန်) တို့အား ကြိုတင် Booking ပြုလုပ်၍ MMQR Code ဖြင့် အသုံးပြုကာ ငွေပေးချေခြင်းလည်း ပြုလုပ်နိုင်ပြီ ဖြစ်သည်။
ထို့အတူ တန်းစီခရီးသည်များ လက်မှတ်ဝယ်ယူရာတွင်လည်း လက်မှတ်ခကို ငွေသားအပြင် MMQR Code အသုံးပြု၍ ငွေပေးချေခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း သိရသည်။
