တရုတ်-ထိုင်း နှစ်နိုင်ငံကြား သဘောတူညီထားသည့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှုအစီအစဉ်အရ “ကွန်မန်ဒို ၂၀၂၃(Commando 2023)” ဟု အမည်ပေးထားသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လလယ်မှ စက်တင်ဘာလဆန်းပိုင်းအထိ ထိုင်းနိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းဗိုလ်မှူးကြီး Wu Qian က ယမန်နေ့ တနင်္လာနေ့က ပြောကြားခဲ့သည်။
“ကွန်မန်ဒို ၂၀၂၃” ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲစစ်ဆင်ရေးများကို အဓိကထား၍ လုပ်ဆောင်ရန် အာရုံစိုက်ထားပြီး တရုတ်နှင့် ထိုင်းစစ်တပ်များကြား အကြမ်းဖက် တိုက်ဖျက်နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ နှစ်နိုင်ငံစစ်တပ်များ အပြန်အလှန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍများမှ ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ထားခြင်းဖြစ်သလို၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်လည်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Wu Qian က ပြောကြားခဲ့သည်။