ကွင်းလုံးပြည့် မြန်မာဆိုသည့် အားပေးသံနှင့်အတူ မြန်မာ့လက်ရွေးစင်အမျိူသမီးအသင်းမှာ မလေးရှားအသင်းကို
(၃) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီဖြစ်သည်။
ယနေ့ပွဲစဉ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း၏ သွင်းဂိုး (၁) ဂိုးအပါ မေထက်လူ၏ သွင်းဂိုး (၁) ဂိုး၊ စန်းသော်သော်၏ သွင်းဂိုး (၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ဘက် မလေးရှားအသင်းဘက်က ဘောလုံးလုရာတွင် ကြမ်းတမ်းခဲ့သည့်အပြင် ကွင်းလယ်ဒိုင်ကိုပါ ရန်ပြုသည့် အခြေအနေမျိုးရှိခဲ့သည့်အတွက် မလေးရှားအသင်းဘက်မှ ကစားသမားကို အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။
ပွဲစဉ်တလျောက် ပြိုင်ဘက်မလေးရှားကစားသမားများ၏ ကစားသမားမပီသခဲ့သည့်အခြေအနေများကိုလည်း တွေ့မြင်ရသည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းမှာ အနီရောင်ဂျာစီကို ဝတ်ဆင်ကစားသွားခဲ့ပြီး၊ ပြိုင်ဘက် မလေးရှားအသင်းသည် လက်ရှိချန်ပီယံ ဗီယက်နမ်ကို (၇) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။
မြန်မာအမျိုးသမီးအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားတို့နှင့်အတူ ကျရောက်နေပြီး ဒီဇင်ဘာ (၅) ရက် အုပ်စုအဖွင့်ပွဲစဥ်တွင် မြန်မာအမျိုးသမီးအသင်းသည် ဖိလစ်ပိုင်အသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရထားသည်။
ဂိုးကွာခြားချက်အရ အုပ်စု ပထမနေရာတွင် ဗီယက်နမ်၊ ဒုတိယနေရာတွင် မြန်မာရှိနေပြီး တတိယနေရာမှာ ဖိလစ်ပိုင်နှင့် စတုတ္ထနေရာတွင် မလေးရှားတို့ရပ်တည်နေကြသည်။
