၂၀၂၅ -၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီချိန်တွင် ကြံ (၁) တန်လျှင် စက်ရုံအရောက်ဈေး (၁၇၀,၀၀ဝ) ကျပ်နှုန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သကြားစက်ရုံများက အသိပေးထုတ်ပြန်ထားသည်။
ကြံတောင်သူများမှလည်း မိမိတို့၏ ကြံများအား အဖူး၊ အမြစ်၊ အမှိုက်များကင်းစင်ပြီး သန့်ရှင်းလတ်ဆတ်သောကြံများကိုသာ သယ်ယူရောင်းချပေးရန်လည်း မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သည့် ၂၀၂၄ -၂၀၂၅ ကြံကြိတ်ခွဲရာသီတွင် ကြံတစ်တန်ကို စက်ရုံအရောက် ငွေကျပ် (၁၈၀,၀၀၀) မှ (၂၀၀,၀၀၀) နှုန်းအထိ ဈေးကောင်းပေးဝယ်ခဲ့ကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း၌ စုစုပေါင်းကြံစိုက် ဧက (၄၅၀,၀၀၀) ဝန်းကျင်ရှိပြီး တစ်နိုင်ငံလုံး၌ သကြားစက်ရုံပေါင်း (၂၄) ရုံရှိကာ နှစ်စဉ် ပြည်တွင်းရှိ သကြားစက်ရုံများ ကြံကြိတ်သည့်ကာလမှာ နိုဝင်ဘာလနောက်ဆုံးပတ်မှ ဧပြီလအထိဖြစ်သည်။
သကြားစက်ရုံများမှ ထွက်ရှိလာသော သကြားများကို ပြည်တွင်းစားသုံးမှု ဖူလုံစေရန် အဓိကထား ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော သကြားများကို ဗီယက်နမ်နိုင်ငံသို့ ဦးစားပေးတင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြံကိုစစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၌ အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့၌ ဒုတိယအများဆုံးစိုက်ပျိုးကြကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌လည်း အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း သိရသည်။
