ယခု ၂၀၂၃ – ၂၀၂၄ ကြံစိုက်ရာသီတွင် စက်ရုံအရောက်စျေးအနေဖြင့် ကြံတစ်တန်ကို (၁၁၀၀၀၀) ကျပ်ဖြင့် ဝယ်ယူမည်ဟု သကြားစက်ရုံအချို့က အသိပေးထားပြီး ကြံစိုက်တောင်သူများက ကြံတစ်တန် (၁၃၀၀၀၀) ကျပ် ရောင်းချလိုကြောင်း ပြောကြားလာကြသည်။
ကြံတစ်တန် ၁၁၀၀၀၀ စျေးနူန်းဖြင့် ရောင်းချမည်ဆိုပါက စက်ရုံသို့ သယ်ယူပို့ဆောင်ခဖြစ်သည့် ကားငှားခ၊ အလုပ်သမားငှားရမ်းခများနှုတ်မည်ဆိုပါက တောင်သူများအနေဖြင့် ကြံတစ်တန်လျှင် (၈၀၀၀၀) ကျပ်နှင့် (၉၀၀၀၀) ကျပ်သာရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေး၊ အလုပ်သမားငှားရမ်းခ၊ စက်သုံးဆီစျေး၊ စက်များငှားရမ်းခစသဖြင့် စျေးနူန်းများမြင့်တက်လာခြင်းကြောင့် ကြံတစ်ဧက စိုက်ပျိုးခြင်းအတွက် ငွေကျပ်(၁၅) သိန်းမှ သိန်း (၂၀) အထက်ကုန်ကျနိုင်သည့်အတွက် ယခုနှစ် ကြံခုတ်ရာသီတွင် သကြားစက်များအားလုံး ကြံတစ်တန်ကို ၁၃၀၀၀၀ ကျပ်မှစပြီး ဈေးပိုပေးစေလိုကြောင်း တောင်သူများကဆို နေကြခြင်းဖြစ်သည်။
ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အပါအဝင် ပြည်တွင်း၌ သကြားစက်ရုံ (၂၃) ရုံရှိပြီး မြန်မာနိုင်ငံတွင် ကြံစိုက်ဧကပေါင်း (၄) သိန်းခွဲဝန်းကျင်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ ကြံကို ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးမှုရှိပြီး ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စသည့်ဒေသအချို့တွင်လည်း စိုက်ပျိုးမှုရှိကြောင်း သိရသည်။
ယခုနှစ် ကြံခုတ်ရာသီတွင် ကြံတစ်တန် ၁၁၀၀၀၀ ကျပ်ဖြင့် စတင်ဝယ်ယူမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ငွေရည်ပုလဲ သကြားစက်ရုံက သြဂုတ်လ ပထမပတ်တွင် စတင်အသိပေးခဲ့ခြင်းလည်း ဖြစ်သည်။