ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်းတွင် ကုက္ကိုပင်တစ်ပင် အမြစ်မှ ကျွတ်လဲကျကာ ကားလမ်းမ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် သွားရောက်ကူညီရှင်းလင်းသည့် ပရဟိတအသင်းများထံမှ သိရသည်။
ယနေ့ စက်တင်ဘာ (၂၄)ရက်၊ နံနက် (၆)နာရီ (၃၆)မိနစ်အချိန်၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်အရှေ့ရပ်ကွက်၊ အထက်ကြည့်မြင်တိုင်လမ်းနှင့် ဦးကြွယ်အိုးလမ်းထောင့်တွင် သစ်ပင်လဲပြီး လမ်းပိတ်နေကြောင်း သတင်းအရ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့အတူ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ စည်ပင်ပန်းဥယျာဉ်အဖွဲ့နှင့်အတူ အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ မီးသတ်အထောက်အကူပြုယာဉ် (03) တစ်စီးနှင့် စေတနာ့ဝန်ထမ်းများ ထွက်ခွာ၍ သစ်ပင်အား ကူညီရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် ဖြစ်စဉ်ကြောင့် လူ၊ ယာဉ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။