မိုးရာသီတွင် စိုက်ပျိုးသည့် ကြက်သွန်နီများ ဈေးကွက်၀င်လာချိန်တွင် အရည်သွေးကောင်းသည့် ကြက်သွန်နီများဈေး အနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကြက်သွန်နီဈေးသည် ပြည်တွင်းဈေးသာမက ပြည်ပသို့ရောင်းချသည့် ဈေးပါ အပြောင်းအလဲများရှိနေပြီး ပြည်ပတင်ပို့သည့် ကြက်သွန်နီဈေးမှာ အရည်အသွေးကောင်းသည့် အမျိုးအစား FOB တစ်တန်လျှင် ဒေါ်လာ (၃၁၅/၃၂၅) မှ (၃၃၀/၃၄၀) သို့ ဈေးပြောင်းသွားပြီး အရည်အသွေးညံ့သည့် အမျိုးအစားများက တစ်တန်လျှင် ဒေါ်လာ (၁၅၅/၁၆၅) မှ (၁၃၀/၁၄၀) သို့ ပြောင်းလဲသွားကြောင်း သိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ပိဿာချိန် (၁၅၀,၀၀၀) ၀န်းကျင်ရှိပြီး ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ လက္ကားဈေးမှာ ဆိတ်ဖြူ (သစ်) ရှယ် တစ်ပိဿာလျှင် (၁,၈၀၀) ကျပ် မှ (၂,၂၀၀) ကျပ်၊ မြင်းခြံ (သစ်) ရှယ် တစ်ပိဿာ (၁,၈၀၀) ကျပ်မှ (၂,၂၀၀) ကျပ် ၊ မုံရွာ (သစ်) ရှယ် တစ်ပိဿာ (၁,၉၀၀) ကျပ် ဈေးဖွင့်ထားကြောင်း သိရသည်။
ထို့ပြင် မုံရွာမြို့အနီးရှိ ကျေးရွာများမှ ကြက်သွန်စိုက်တောင်သူများသည် ထွက်ရှိသော ကြက်သွန်များကို မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများသို့ ပေးအပ်ရောင်းချပြီး ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ စစ်တွေ၊ ပခုက္ကူနှင့် ကချင်ဒေသများသို့ တင်ပို့ရောင်းချပြီး ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချမှုများလည်းရှိကြောင်း သိရသည်။
