စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မိုးစပါး ဧက (၂၃,၀၀၀) ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ စပါးအဓိက စိုက်ပျိုးတာပါ။ မိုးစပါးနဲ့ နွေစပါးစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရာက မိုးရေ၊ ချောင်းရေ၊ မြောင်းရေနဲ့ မြေအောက်ရေတင်စိုက်ပျိုးကြပါတယ်။ ဒီနှစ်မိုးစပါးစိုက်ပျိုးဖို့ (၃၄,၀၉၇) ဧက စိုက်ပျိုးဖို့လျာထားတာ (၃၄,၀၉၉) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အခု (၂၃,၁၁၃)ဧက ရိတ်သိမ်းပြီး တစ်ဧက (၇၄ ဒသမ ၃၂) တင်းထွက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံနှင့် နှစ်ရှည်ပင်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးကြသည့် တောင်သူများကို ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေး ဆော င်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာပေးခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာများလည်း အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
