ဂျာမနီနိုင်ငံတောင်ပိုင်း ရမ်စတိန်းလေတပ်အခြေစိုက်စခန်းတွင် အနောက်နိုင်ငံမဟာမိတ်များပါဝင်သည့် ဆွေးနွေးပွဲများမတိုင်မီတွင် မိမိတို့အား တင့်ကားများပံ့ပိုးပေးရန် ယူကရိန်းသမ္မတ ဇလန်းစကီးက ဂျာမနီကို တိုက်ရိုက်တောင်းဆိုခဲ့သည်။
“ခင်ဗျားတို့မှာ Leopard တင့်ကား ရှိရင် ကျွန်တော်တို့ကို ပေးလိုက်ပါ” ဟု ဇလန်းစကီးက က ဂျာမန်အများပြည်သူရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။
ဂျာမနီအနေဖြင့်မူ ယူကရိန်းသို့ တင့်ကားများပေးပို့ရန်နှင့်ပတ်သက်၍ ချီတုံချတုံဖြစ်နေဆဲပင်ဖြစ်သည်။
“ဒီတင့်ကားတွေ ရုရှားနိုင်ငံထဲကို ဖြတ်မသွားစေရပါဘူး။ အဲဒါကိုစိတ်ချပါ။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ကာကွယ်နေတာပဲဖြစ်ပါတယ်” ဟု ဂျာမန်အစိုးရ၏ ချီတုံချတုံ သဘောထားကို ဝေဖန်သည့် အမှာစကားတွင် ဇလန်းစကီးက ပြောကြားခဲ့သေးသည်။
ဗြိတိန်က ၎င်း၏ တိုက်ပွဲဝင်တင့်ကား ၁၄ စီးကို ယူကရိန်းသို့ပေးမည်ဟုလည်း မကြာသေးမီကပင် ပြောခဲ့သေးသည်။ သို့သော် ယူကရိန်းကမူ ယင်းအရေအတွက်ထက် ပိုမိုလိုလားနေသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း ယူကရိန်းသို့ နောက်ထပ်လက်နက်ကိရိယာများပေးရန်ကို ကတိပြုထားပြီးဖြစ်သည်။
ရုရှားက ယူကရိန်းကို စစ်ဆင်နွှဲပြီး ၁၁ လနီးပါးအကြာတွင် တပ်ဖွဲ့ဝင်အရေအတွက်တိုးမြှင့်၍ နွေဦးထိုးစစ်ကို အသစ်ပြန်လည်ပြုလုပ်ရန် စီစဉ်နေသည်ဟု နေတိုးစစ်ဘက်အရာရှိများက ယုံကြည်ကြသည်။
(BBC)