၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရကြောင်း သိရသည်။
ရန်ကုန်ပညာရေးတက္ကသိုလ်သည် မြန်မာ့ပညာရေးကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနိုင်မည့် ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးနေသော ဦးဆောင်ပညာရေးတက္ကသိုလ်တစ်ခု ဖြစ်သည်။
ရန်ကုန်ပညာရေးတက္ကသိုလ်သည် အခြေခံပညာ၏ Grade-10 ၊ Grade-11 နှင့် Grade-12 သင်ရိုးများနှင့် ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းနှင့် သင်ရိုးညွှန်းတမ်း၊ ကာယနှင့် ကျောင်းကျန်းမာရေး စသောပညာရေးဘာသာရပ်များ ပေါင်းစပ်ပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် အမှန်တကယ်ပြန်လည်အသုံးချနိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထူးချွန်သော ဆရာ ဆရာမကောင်းများဖြစ်လာစေရန် ကမ္ဘာသုံး၊ အတန်းတွင်းသုံးအကဲဖြတ်စစ်ဆေးနည်းစနစ်များစွာဖြင့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးကို နှစ်စဉ်စစ်ဆေးခြင်း၊ လက်တွေ့နှင့်တန်းပြ ဆင်းစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်ကြားရေးနည်းစနစ်များတွင် ကျောင်းသားဗဟိုပြုနည်းလမ်း (Student-centered Approach) ၊ ကျောင်းသား အချင်းချင်းအဖွဲ့လိုက်ဆွေးနွေးခြင်း (Group Discussion) ၊ အချင်းချင်းအကဲဖြတ်စစ်ဆေးခြင်း (Peer Assessment) နှင့် စာကြည့်တိုက်အခြေပြု ပရောဂျက် (Library-Based Project) တို့ဖြင့် သင်ကြား၊ သင်ယူမှုပြုလုပ်လျက်ရှိသည်။
ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုဝင်ဘာ ၁၇ ရက်မှ စ၍ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံလျက်ရှိပြီး သင်တန်းအသီးသီးကို နိုဝင်ဘာ၂၄ ရက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားခြင်း၊ စာကြည့်တိုက်မိတ်ဆက်ခြင်း (Library Orientation) ကိုလည်း ပထမနှစ်ကျောင်းသား ကျောင်းသူများအတွက် ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။
