(၃)ရက်ဆက် ပိတ်ရက်ဖြစ်သည့်အပြင် ကျောင်းပိတ်ရက် (၁၀)ရက် စတင်သည့်ရက်ဖြစ်သောကြောင့် ရန်ကုန်မြို့မှ အနယ်နယ်အရပ်ရပ်သို့ ခရီးထွက်သူများပြားနေကြောင်း သိရသည်။
ရန်ကုန်အထွက် ဇီးရိုးမိုင် တိုးဂိတ်တွင်လည်း ခရီးသွား အိမ်စီးကားများ များပြားသောကြောင့် ကားတန်းစီပိတ်မှု အချိန်ကြာမြင့်ခဲ့သည်ဟုလည်း မျက်မြင်တွေ့ခဲ့သူများက ပြောသ ည်။
“ကျောင်းတွေလည်း စပိတ်တာ၊ ဒီနေ့က ကရင်နှစ်ကူး ၊ မြို့ထဲမှာရော မြို့ပြင်မှာရော ခရီးသွားတဲ့လူ၊ လည်တဲ့လူတွေချည်းပဲ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ဇီးရိုးမိုင် ဂိတ်တွင်မူ ဖြတ်သန်းရန်အတွက် အချိန် နှစ်နာရီနီးပါး စောင့်ဆိုင်း ခဲ့ရသည်ဟု ခရီးသည်တစ်ဦးက ရေးသားထားပြီး ပုဂံ၊ ပြင်ဦးလွင်၊ ချောင်းသာ ကမ်းခြေမှ တည်းခိုစရာ ဟိုတယ်၊ တည်းခိုခန်းများလည်း လူပြည့်နေကြောင်း စုံစမ်းသိရှိရသည်။
ယခုကာလတွင် ခရီးသွားလုပ်ငန်းသည် ပြည်တွင်းစျေးကွက်ကို ဆက်လက်မှီခိုနေရဆဲ ဖြစ်ပြီး၂၀၂၅ ခုနှစ် အတွင်း၌ ပြည်တွင်း ခရီးသွားနူန်း ပြန်လည်မြင့်တက်လာသည်ကိုလည်း တွေ့ရသည်။
“ပိတ်ရက်ရပြီဆို တောင်တွေတက်ကြတာရှိတယ်၊ ပုဂံ ၊အင်းလေး လူစုပြီး သွားကြတယ်၊ Tour လုပ်ငန်းတွေ ပိုများလာတယ်” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
ရက်ရှည် ကျောင်းပိတ်ရက်သည် ဒီဇင်ဘာ (၁၉)ရက်မှ (၂၈) ရက်အထိဖြစ်ကာ ကျောင်းပိတ်ရက်ရှည်လည်း ဖြစ်သောကြောင့် မိသားစုများ ခရီးသွားကြသည့် ကာလလည်း ဖြစ်သည်။
ဓာတ်ပုံ – Nyein Ko Facebook
