ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် အောက်တိုဘာ ၂၉ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက်(GAVI) မှ Senior Country Manager ဖြစ်သူ Mr. Ricard Lacort Monte နှင့် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုသလမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)တို့မှတာဝန်ရှိသူများအားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့သို့ တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိမှု၊ တပ်မတော်မှပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့သော ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်တို့ရှိ ဒေသခံများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ အသက်(၁၅)နှစ်အောက် ကလေးများအား အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းတို့ကို အထူးဦးစားပေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု၊ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက်ပိုင်း ငလျင်ဘေးသင့်ဒေသများနှင့် တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ၊ ကပ်ရောဂါအသွင်ဖြစ်ပွားမှု(လုံးဝ)မရှိခဲ့မှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ တစ်နိုင်ငံလုံးရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို လိုအပ်သောကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အရေးကြီးလုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီး ဌာနများ၊ တိုင်း/ပြည်နယ်အစိုးရများနှင့် နိုင်ငံတကာအ ဖွဲ့အစည်းများဖြစ်သော GAVI၊ WHO၊ UNICEF အဖွဲ့တို့ ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊ ကူညီပံ့ပိုးပေးခဲ့မှုများအတွက်ကျေးဇူးတင်ကြောင်းတို့ကိုလည်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့သည် မြန်မာနိုင်ငံတွင်ဆက်လက်ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ Gavi 6.0 ရန်ပုံငွေလျှောက်ထားခြင်းဆိုင် ရာများ၊ ဆက်လက်ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
