အကြမ်းဖက်အဖွဲ့များ၏ ဖျ-က်စီးမှုများကြောင့်ပျ-က်စီးခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံအား တပ်မတော်မှမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်တွင် ပြန်လည်ပြုပြင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် ယမန်နေ့ နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံအားပြန်လည်ဖွင့်လှစ်နိုင်ခြင်းမပြုမှီက ကျောက်မဲခရိုင်ကုသရေးဦးစီးဌာနမှ လာဘမုနိ တရုတ်ဘုံကျောင်းတွင် အောက်တိုဘာ ၅ ရက်မှစတင်ကာ ယာယီဆေးရုံဖွင့်လှစ်ပြီး ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိရာ စတင်ဖွင့်လှစ်သည့်ရက်မှ နိုဝင်ဘာ ၁ ရက်အထိ လူနာ (၃,၃၈၅) ဦးကို ကုသမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်မှ ကျောက်မဲမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်တွင် နောင်ပိန်တိုက်နယ်ဆေးရုံကို အောက်တိုဘာ ၂၀ ရက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန(၆)ခုတို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ကျောက်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများက ဒေသခံများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုဆောင်ရွက်ခဲ့ကြရာ အောက်တိုဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ အသက်(၁၅)နှစ်အောက် ကလေး (၃,၇၂၃) ဦးကို လိုအပ်သောကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
