မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ပေါက်တော (၃) လမ်းရှိ ဇော်ဂျီမြစ်အတွင်း၌ ယနေ့ သြဂုတ် (၂၉) ရက်နေ့လယ်ပိုင်းက အသက်(၂၄)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ နေ့လယ် (၁) နာရီဝန်းကျင်က ကျောက်ဆည်မြို့၊ပေါက်တော(၃)လမ်းရှိ ဇော်ဂျီမြစ်အတွင်း ကိုမျိုးမင်းသူ (၂၄)နှစ်သည် ရေဆင်းချိုးရာမှ နစ်မြှုပ်ပျောက်ဆုံးသွားသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
“ရေနစ်ပျောက်ဆုံးသွားလို့ ကူရှာပေးပါဆိုပြီး ရေနစ်သွားတဲ့လူရဲ့ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဖုန်းဆက်ပြီး အကူအညီတောင်းလို့ မိတ်ဖက်အသင်းတွေနဲ့ပေါင်းပြီး ဝိုင်းရှာပေးခဲ့ပါတယ်။ မိနစ် (၂၀) လောက်အကြာမှာ Dead Body ကိုရှာတွေ့ခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား နေ့လည် (၁) နာရီ (၂၅) မိနစ်ခန့်တွင် ပြန်လည်တွေ့ရှိခဲ့ရသဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။