မုံရွာမြို့နယ်၊ ကျောက်ကာရွှေဂူနီ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ တော်နေ့ဖြစ်သည့် ကဆုန်လပြည့်ကျော် (၈)ရက်တွင် အထိမ်းအမှတ်အဖြစ် ဘုရားကြီးအနေကဇာတင်လှူပူဇော်မည်ဖြစ်ကြောင်း ဘုရားကြီးဂေါပက အဖွဲ့ဝင်များထံက သိရသည်။
ကဆုန်လပြည့်ကျော် (၈)ရက် ၊ နံနက်အာရုဏ်တက်တွင် ဘုရားကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီး (၁၂)ပါး ပင့်ဖိတ်၍ အာရုဏ်ဆွမ်းကပ်လှူမည်ဖြစ်ပြီး ဘုရားကြီးအား အနေကဇာတင် လှူပူဇော်ကြမည်ဖြစ်သည်။
ကျောက်ကာရွှေဂူနီ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို၂၀၁၉ ခုနှစ်အထိ စည်စည်ကားကားကျင်းပနိုင်ခဲ့ရာမှ ကိုဗစ်ကပ်ရောဂါ ဖြစ်ပြီးနောက်ပိုင်းနှစ်များမှစတင်၍ ဘုရားပွဲတော် မကျင်းပဖြစ်တော့ဘဲ အထိမ်းအမှတ်အဖြစ် အနေကဇာတင်လှူပွဲကိုသာ ကျင်းပဖြစ်တော့ခြင်းဖြစ်သည်။
ကျောက်ကာရွှေဂူနီ ဘုရားစေတီနှင့် ရုပ်ပွားတော်ကြီးကို နေ့စဥ်နံနက် (၆)နာရီမှ (၁၁)နာရီအထိ အဖူးမြှော်ခံနိုင်ရန် ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီး ဥပုဒ်နေ့ကြီးများတွင် နံနက် (၆)နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်ပေးထားကြောင်းသိရသည်။
ကျောက်ကာရွှေဂူနီ ရုပ်ပွားတော်ကြီးကို ဘုရားဖူးများကိုယ်တိုင် ရွှေချကုသိုလ်ယူနိုင်ရန် ဂေါပကအဖွဲ့မှ ရွှေဆိုင်းတချပ်လျင် ကျပ် (၂၀၀၀)နှုန်းဖြင့် ရောင်းချပေးနေပြီး အခြေအနေအရပ်ရပ်ကြောင့် နေ့စဥ်ဘုရားဖူးလာသူ မရှိသလောက်နည်းပါးနေကြောင်း သိရသည်။