မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသည့် မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ကြားရှိ ကျုံအိတ်တံတားအား ယာယီဘေလီတံတား ထိုးရန်ပြုလုပ်နေစဥ် ယနေ့ ဇူလိုင် ၉ ရက်နံနက်ပိုင်းက Drop Bomb များ၊သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့မှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် (၁၀) နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန်ပြုလုပ်နေသည့် တာဝန်ရှိသူများ၊ တံတားပြင်ဆင်ရေးအဖွဲ့များနှင့် အလုပ်သမားများအား Drone ယာဥ်အသုံးပြု၍ Drop Bomb ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မိနစ်ပိုင်းအကြာ၌ သေနတ်များဖြင့်လည်း ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ယင်းတိုက်ခိုက်မှုတွင် တာဝန်ရှိသူများ၊ တံတားပြင်ဆင်ရေးအဖွဲ့များနှင့် အလုပ်သမားများတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း အခင်းဖြစ်ချိန်၌ ဖြတ်သန်းသွားသည့် သုံးဘီးဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့် လိုက်ပါလာသူ အမျိုးသမီးကြီးတစ်ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“တံတားပြင်ဆင်ရေးအဖွဲ့မှာ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ အခု ဒဏ်ရာရတဲ့ (၂) ယောက်က တဘက်ဆွဲကျေးရွာက သားအမိနှစ်ယောက်ပါ။ သားက(၂၃)နှစ်လောက်ရှိပြီ ၊ အမေဖြစ်သူက (၅၃) နှစ်လောက်ပါ ။နှစ်ယောက်လုံးက မစိုးရိမ်ရပါဘူး။ ဆေးရုံပို့ထားပေးပါတယ်”ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။
ကျုံအိတ်တံတားအား လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် တံတားအားပြန် လည်ပြင်ဆင်ရန်လာရောက်ပြုလုပ်သည့် တာဝန်ရှိသူများအား Drone ယာဥ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီး ယမန်နေ့ ဇူလိုင် (၈) ရက်နေ့လယ်ပိုင်းကလည်း ယာယီဘေလီတံတားထိုးရန် စုပုံထားသည့် တံတားတည်ဆောက်ရေးပစ္စည်းများအား Drop Bomb များဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။