ကျိုင်းတုံမြို့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု၌ အမျိုးသားတစ်ဦးသေဆုံးခဲ့
ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့၊အမှတ်(၄)ရပ်ကွက်၊နွဲ့နောရပ်၊စွန်တောင်းဘုရားလမ်းသွယ်တွင် သြဂုတ် ၄ ရက်(ယနေ့)နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်တိုင်းနေနာရေးကူညီမှုအသင်းတို့မှ သိရသည်။
ယနေ့နံနက် ၂ နာရီ ၇ မိနစ်ခန့်က နွဲ့နောရပ်၊စွန်တောင်းဘုရားလမ်းသွယ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျိုင်းတုံခရိုင်၊မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များကသွားရောက်ငြိမ်းသတ်ခဲ့ကြသည်။
ထိုသို့ ငြိမ်းသတ်မှုကြောင့် နံနက် ၂ နာရီ ၂၀ မိနစ် ၌မီးငြိမ်းသွားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်စဥ် အ သက်(၃၅)နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးအား သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းကို ရုပ်အလောင်းတစ်ခုတွေ့လို့ လာသယ်ပေးပါလို့ ဖုန်းဆက်ပြီးအကူအညီတောင်းတာကြောင့် သွားသယ်ပေးခဲ့ပါတယ် မီး လောင်ဒဏ်ရာတွေနဲ့သေဆုံးနေတာပါ”ဟု တိုင်းနေနာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား ဆရာ ဝန်များ စစ်ဆေးချက်ရယူရန် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများမှ လောင်ကျွမ်းရသည့်အကြောင်း ရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။