ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်သည့် ဘုရားဖူးခရီးသည်များ အဆင်ပြေစေရန် တောင်တက် ကားပြေးဆွဲချိန်ကို ပိုမိုတိုးမြှင့်ပြေးဆွဲပေးသွားရန် စီစဉ်နေကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
လက်ရှိ၌ ဘုရားဖူးခရီးသည်များအတွက် နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ တောင်တက်ကား (၁၅၂) စီးဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကာ ဘုရားဖူးခရီးသည်များ ယခုထက် ပိုများလာပါက အချိန်တိုးမြှင့်ပြေးဆွဲပေးသွားမည်ဟုလည်း ဂေါပကအဖွဲ့က ဆိုသည်။
ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၆၉,၀၀၀)ကျော် လာရောက်ဖူးမြော်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာမှ သိထားရသည်။
ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုက်ထီးရိုး တောင်တော်တလျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်းလည်း သိရသည်။
