မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ခွေးလေခွေးလွင့်များအလွန်များ ပြားနေရာ အန္တရာယ်ရှိနေသဖြင့် လိုက်နာရမည့်အချက်များကို မေတ္တာရပ်ခံအသိပေးခဲ့သည်။
ခွေးများအား စားကြွင်းစားကျန်ကျွေးမွေးခြင်းများကို လုံးဝရှောင်ကြဉ်ပေးကြရန်၊ သုံးပြီးသားအမှိုက်များ၊ အထူးသဖြင့် စားကြွင်းစားကျန်များပါဝင်သည့်အမှိုက်များကို အဖုံးပါသောအမှိုက်ပုံးအတွင်းသို့သေချာစွာထုပ်ပိုးထည့်သွင်းရန် အသိပေးထားသည်။
ထိုသို့ အမှိုက်များကိုစနစ်တကျစွန့်ပစ်ခြင်းသည် ခွေးများ၏လာရောက်ကျက်စားမှုကို လျှော့ချရန်အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ပိုင်ရှင်ရှိသောခွေးများကို ဆေးရုံသို့ခေါ်ဆောင်လာပါက ကြိုးတပ်၍(သို့)လှောင်အိမ်ဖြင့်စနစ်တကျထိန်းသိမ်းပေးမှသာ အခြားခွေးလေခွေး လွင့်များနှင့်ရောနှော၍ ပြဿနာဖြစ်ပွားခြင်းမှကာကွယ်နိုင်မည်ဟု မေတ္တာရပ်ခံအသိပေးခဲ့သည်။
ထို့အတူ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံအနေဖြင့်လည်း လူအများ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကိုရှေးရှု၍ ပိုင်ရှင်မဲ့ခွေးများကို သက်ဆိုင်ရာ စည်းကမ်းနှင့်အညီ ထိန်းသိမ်းမှုဆက်လက်ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။
