ရန်ကုန်တိုင်း၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါ တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာလ (၃) ရက် ညနေ (၄) နာရီတွင် စေတီတော်ရင်ပြင် ရှုခင်းသာ တန်ဆောင်းရှေ့၌ ကျင်းပမည်ဖြစ်ပြီး ရက်ကန်းစင်တော် (၅)စင်ဖြင့် ယှဉ်ပြိုင်ရက်လုပ်ကြမည်ဖြစ်သည်။
ရရှိလာမည့် မသိုးသင်္ကန်းများကို တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် တန်ဆောင်းလေးသွယ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများအား ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၇) နာရီခွဲတွင် စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဆရာတော်၊ သံဃာတော် အပါး (၉၀) တို့ကို စာရေးတံမဲပဒေသာပင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ရာပါဝင် ကုသိုလ်ပြုလှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ဖုန်း ၀၉ ၇၉၆ ၂၇၀ ၈၆၉၊ ၀၉ ၆၆၆ ၆၂၃ ၆၅၅ သို့ ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ကြောင်း သိရသည်။
