သိပ္ပံပညာရှင်တွေဟာ ကော်စတာရီကာ နိုင်ငံမှာရှိတဲ့ တိရစ္ဆာန်ရုံက မိချောင်း အမတစ်ကောင်မှာ အပျိုကညာမှ မွေးဖွားခြင်း “virgin birth” ဆိုတဲ့ ဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့တာကို ကမ္ဘာ့ပထမဆုံးအနေနဲ့ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အပျိုကညာမှ မွေးဖွားခြင်း ဆိုတာ အထီးနဲ့ မိတ်မလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် ကိုယ်ဝန်ရအောင် လုပ်ပြီး သားဖွားပေးနိုင်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
အဲဒီမိကျောင်းအမ ဟာ တိရစ္ဆာန်ရုံမှာ ၁၆ နှစ်ကြာ အထီးတွေနဲ့ ထိတွေ့ခွင့်မရှိဘဲ တစ်ကောင်တည်း သီးသန့် နေထိုင်ခဲ့ရတာပါ။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ မိကျောင်းမဟာ မိကျောင်းဥ ၁၄ ဥ ဥလာခဲ့ပါတယ်။
တွားသွားသတ္တဝါတွေအတွက် အထီးမလိုဘဲ ဥဥတာက အထူးဆန်းကြီး မဟုတ်ပါဘူး။ တကယ်ထူးဆန်းတာက ဥဥပြီး သုံးလအကြာမှာ အဲဒီထဲက ဥတစ်ဥက သန္ဓေတည်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီသန္ဓေသားဟာ မိခင်နဲ့ မျိုးရိုးဗီဇပိုင်းမှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်း တူညီနေတာကို တွေ့ရှိရပါတယ်။
အပျိုကညာမှ မွေးဖွားခြင်းကို အခြား ငါး၊ ငှက်၊ အိမ်မြှောင်နဲ့ မြွေမျိုးစိတ်တွေမှာ တွေ့ရလေ့ရှိပေမယ့် မိချောင်းမှာတော့ အခုဟာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ ခန့် ဒိုင်နိုဆော ခေတ်တုန်းက ကမ္ဘာပေါ်မှာ ကျင်လည်ခဲ့တဲ့ မိကျောင်းဘိုးဘေးတွေနဲ့ ပတ်သက်တဲ့ အသိပညာအသစ်တွေ ရလာနိုင်တယ်လို့ ပြောလာခဲ့ပါတယ်။
Source: CNA