ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းများကြားနေရသော်လည်း အတည်ပြု၍ မရသေးကြောင်း ဒေသခံသတင်းရင်းမြစ် တဦးက ပြောသည်။
တပ်မတော်က အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း အဆိုပါသတင်းများထွက်ပေါ်နေပြီး ၊ ဒေသတွင်းခရီးသွားများနှင့် ကုန်စည်ကူးသန်းသွားလာနေသူများက အမြန်ဆုံးခွင့်ပြုရန်ဆန္ဒရှိနေကြသည်ဟုဆိုသည်။
“အခုက ညှိနှိုင်းနေကြတုန်းလို့ အတွင်းသတင်းတွေအရသိရပေမယ့် ဖွင့်မယ်မဖွင့်ဘူးဆိုတာ အတည်မပြုနိုင်သေးဘူး”ဟု အဆိုပါ ဒေသခံက ပြောသည်။
လက်ရှိအခြေအနေအရ အာရှလမ်းမကြီးကို တပ်မတော်ကထိန်းချုပ်ပြီးနောက်ပိုင်း ဒေါနတောင်လမ်းဟောင်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး၊ ယခုအခါ ထို့ကော်ကိုးလမ်းပိုင်းက သွားလာနေကြရကြောင်း ဆိုသည်။
“ထို့ကော်ကိုးလမ်းပိုင်းက အခုပြင်နေတယ်၊ လမ်းတွေလည်ပြန်ချဲ့နေပြီ။ ဂိတ်ကြေးတွေလည်း မနည်းပေးဆောင်ရတယ်”ဟု ဖြည့်စွက်ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကော့ကရိတ်-မြဝတီလမ်းပိုင်းကို တပ်မတော်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်လာပြီး သင်္ဃန်းညီနောင်ဗျူဟာကိုလည်း ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
