စစ်ရေးပဋိပက္ခများကြောင့် ပျက်စီးမှုများပြားခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် လက်ရှိအချိန်တွင် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်၍ မြို့ပြပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့တွင်းပြန်လည်တည်ငြိမ်လာမှုနှင့်အတူ ဒေသခံကျောင်းသားလူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန်အတွက် အခြေခံပညာစာသင်ကျောင်းများကိုလည်း ယခုလာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ (မေလ ၂၂ ရက်) နံနက် ၇ နာရီအချိန်က ကော့ကရိတ်မြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က – ၂) ရှေ့နှင့် ခရိုင်ပညာရေးမှူးရုံးရှေ့တို့တွင် တာဝန်ရှိသူများက စတင်စိုက်ထူခဲ့ကြကြောင်း သတင်းရရှိသည်။
