မွန်ပြည်နယ်၊မုဒုံမြို့နယ်၊တာပသွန်ကျေးရွာတွင် မတ် ၁ ရက်နံနက်ပိုင်းက ကောက်ရိုးတင်လာသည့်ကား သစ်ပင်တိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
ယနေ့နံနက် ၉ နာရီခွဲခန့်က ကောက်ရိုးများတင်လာသည့်ကား လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့သဖြင့် မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဥ်ကြောင့် ယာဥ်နောက်လိုက်ဖြစ်သူ ချောင်းဆုံမြို့နယ်နေမောင်မျိုးလှိုင်ဝင်းမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာဥ်မောင်းဖြစ်သူ ချောင်းဆုံမြို့နယ်နေ မောင်ရဲသူတွင်လည်း နားရွက်ပြတ်ရှ၊ညာလက်ကျိုးဒဏ်ရာများရရှိခဲ့သဖြင့် မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ကောင်လေးတစ်ယောက်သေဆုံးသွားတယ် မောင်းတဲ့လူကတော့ ဒဏ်ရာရသွားတာပေါ့။ဆေးရုံကိုအရေးပေါ်ပို့ပေးခဲ့ပါတယ်။ သေဆုံးတဲ့ကောင်လေးရဲ့အလောင်းကိုလည်း ရင်ခွဲရုံပို့ပေးခဲ့တယ်။ လူနာကိုအဓိကထားပြီး ကူညီကယ်ဆယ်နေတာဖြစ်တဲ့အတွက် ကားကသစ်ပင်ကို ဘာ့ကြောင့်တိုက်မိပြီးမှောက်သွားတယ်ဆိုတာတော့ မပြောတတ်ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
