ကေပေါ့ BTS အား စစ်မှုထမ်းစဉ် ဆက်လက်ဖျော်ဖြေခွင့်ပေးသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဆို
ဆိုးလ်၊ ဩဂုတ် ၁ ရက်
ကမ္ဘာကျော် ယောက်ျားလေး ကေပေါ့အဖွဲ့ BTS သည် စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံရပ်ခြားဖျော်ဖြေပွဲများရှိလာပါက သွားရောက်ဖျော်ဖြေနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဩဂုတ်လ ၁ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် မဖြစ်မနေ စစ်မှုထမ်းရမည့်ကာလမှာ နှစ်နှစ်ခန့်ဖြစ်သော်လည်း အဆိုပါအဖွဲ့အား သုံးပတ်သာ လျှောချ၍ ထမ်းဆောင်စေရန် နိုင်ငံအတွင်း ဆွေးနွေး ငြင်ခုံနေစဉ် ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၌ ပြန်လည်ပြင်ဆင်ထားသော ဥပဒေအရ ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုထားသော ကေပေါ့ ကြယ်ပွင့်များအား ၎င်းတို့၏ စစ်မှုထမ်းတာဝန်ကို အသက် ၃၀ အထိ ရွှေ့ဆိုင်းနိုင်ရန် ခွင့်ပြုထားသည်။
သို့သော် လာမည့်နှစ်တွင် အသက် ၃၀ ပြည့်မည်ဖြစ်သော BTS ၏ အသက်အကြီးဆုံးအဖွဲ့ဝင် ဂျင် ကြောင့် အဆိုပါကိစ္စကို လူအများက အာရုံစိုက်လာကြသည်။
နျူလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ရန်ကို ခုခံကာကွယ်ရန် ပြင်ဆင်သည့်အနေဖြင့်အသက် ၁၈ နှစ်မှ ၂၈ နှစ်ကြား ကိုယ်လက်အင်္ဂါ ကြံခိုင်သန်စွမ်းသော အမျိုးသားအားလုံးမဖြစ်မနေ စစ်မှုထမ်းဆောင်ရမည့် ဥပဒေမှာ တောင်ကိုရီးယားတွင် အလွန်အငြင်းပွားဖွယ် ဖြစ်နေသည်။
သို့သော် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိသူများ နှင့် သတ်မှတ်ထားသော ပြိုင်ပွဲများတွင် ထိပ်တန်းဆုများရရှိသော ဂန္တဝင်ဂီတသမားများနှင့် အကသမားများသည် အဆိုပါ စစ်မှုထမ်းတာဝန်မှ ကင်းလွင့်ခွင့်ရကြသည်။
ယခုအခါ ကေပေါ့ ကြယ်ပွင့်များအတွက် စစ်မှုထမ်းသက်တမ်း လျှောချပေးမည့် ဥပဒေကြမ်းကို လွှတ်တော်တွင် အခြေအတင် ဆွေးနွေးနေပြီဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ် က လွှတ်တော်အစည်းအဝေးတွင် BTS အဖွဲအား စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း ဆက်လက်ဖျော်ဖြေခွင့်ပြုခြင်းဖြင့် တပ်မတော်သည် ကလေးမွေးဖွားနှုန်းနည်းပါးမှုကြောင့် ကျဆင်းနေပြီဖြစ်သော နိုင်ငံ့ဝန်ထမ်းအင်အားကို မထိခိုက်စေဘဲ နိုင်ငံ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်။
BTS အဖွဲ့ဝင်များ မဖြစ်မနေ စစ်မှုထမ်းဆောင်ရလျှင်ပင်ပြည်ပ ဖျော်ဖြေပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိလာပါက၎င်းတို့အား အတူတကွ လေ့ကျင့်နိုင်ရန်နှင့် ဖျော်ဖြေနိုင်ရန် အခွင့်အရေးများပေးသွားမည်ဟု လီကဆိုသည်။
“တကယ်လို့ BTS အဖွဲဝင်တွေ စစ်မှုထမ်းခဲ့ရမယ်ဆိုရင်တောင် နိုင်ငံခြားမှာ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေရှိရင် လေ့ကျင့်ဖို့နဲ့ အတူတူဖျော်ဖြေဖို့အတွက် အခွင့်အရေးပေးသွားမှာပါ” ဟု လီက ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ BTS ၏ စီမံခန့်ခွဲမှုကုမ္ပဏီ Big Hit အား မှတ်ချက်ပေးရန် တောင်းဆိုခဲ့ရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
Source: Reuters