ကုလသမဂ္ဂက မြို့ပြစားနပ်ရိက္ခာအထောက်အပံ့စီမံချက်နဲ့ ရန်ကုန်ပြည်သူ ခြောက်သိန်းခွဲကို တိုက်ရိုက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၂၀၂၁ မေလကစပြီး ရန်ကုန်တိုင်းက မြို့နယ် ၂ခုမှာ မြို့ပြစားနပ်ရိက္ခာအထောက်အပံ့စီမံချက်ကို ဆောင်ရွက်ခဲ့တာပါ။
WFPက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ထိခိုက်လွယ်သူ လူဦးရေပေါင်း ၆၅၀,၀၀၀ အထိ တိုက်ရိုက်ကူညီ ပံ့ပိုးပေးနိုင်ခဲ့တာမှာ မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့ ဆိုထားပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ ပထမ ခုနှစ်လအတွင်း မြို့ပြဒေသများနဲ့ ကျေးလက်ဒေသများက မြန်မာပြည်သူလူဦးရေ စုစုပေါင်း (၁.၂၅) သန်းအတွက် စားနပ် ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံ့တွေ ပေးအပ်ထောက်ပံ့နိုင်ခဲ့ပြီလို့လည်း WFPက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ယခုလမှစပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ကြားကာလ အရေးပေါ် ရန်ပုံငွေလိုအပ်ချက် အမေရိကန်ဒေါ်လာ (၈၆) သန်းရရှိဖို့လည်း WFPက ကြိုးစားနေတယ်လို့ သိရပါတယ်။