ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံနှင့် တောင်အာရှနိုင်ငံအကြား ကုန်သွယ်ရေးကွာဟချက်ကို ကျဉ်းမြောင်းစေရေးနှင့် အဓိက အခြေခံအဆောက်အဦစီမံကိန်းများ ကို အကောင်အထည်ဖော်ရာတွင် ကူညီပေးရန် သောကြာနေ့က ပေကျင်းတွင် ကျင်းပသော ဆွေးနွေးပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တောင်းဆိုခဲ့သည်။
ဖေဖော်ဝါရီလတွင် ရာထူးတာဝန်ယူပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိနေသော ရာမန်သည် ဒေသတွင်းပြိုင်ဘက်နိုင်ငံကြီးနှစ်ခုက သြဇာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေချိန်တွင် အိမ်နီးချင်း အိန္ဒိယနှင့် တည်ငြိမ်သောဆက်ဆံရေးကို ထိန်းထားရင်း ၎င်း၏ အကြီးဆုံးငွေချေးပေးသူများထဲမှတစ်ခုဖြစ်သည့် ပေကျင်းနှင့် ဆက်ဆံရေးကို ဟန်ချက်ညီအောင် လုပ်ဆောင်ရမည့်တာဝန်ကျရောက်နေသည်။
ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံစဉ် ရာမန်က ရှီ ကို “ကုန်သွယ်ရေး ကွာဟချက်ကို လျှော့ချဖို့ရာ တရုတ်နိုင်ငံကို ကျွန်တော်တို့ရဲ့ ပို့ကုန်တွေ မျိုးစုံအောင်တင်ပို့ခွင့်ရဖို့ အကူအညီတောင်းပါတယ်” ဟု လတ်ဆတ်သော သရက်သီး၊ ပိန္နဲသီး၊ မာလကာသီး၊ ရေထွက်ပစ္စည်းများ၊ သားရေစိမ်းနှင့် ဆေးဝါးထုတ်ကုန်များအပါအဝင် အခြားကုန်ပစ္စည်းများကို ညွှန်ပြ၍ ပြောကြားခဲ့ကြောင်း မီဒီယာသတင်းတစ်ပုဒ်အရ သိရသည်။
“ကျွန်တော်တို့ရဲ့ အဓိကထင်ရှားတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ လက်ရှိစက်မှုလုပ်ငန်းယူနစ်တွေကို အဆင့်မြှင့်တင်တာနဲ့ ခေတ်မီအောင်လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှု ကို လိုအပ်ပါတယ်” ဟုလည်း ရာမန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်ကုန်ပစ္စည်း ဒေါ်လာ ၁ ဒဿမ ၃ ဘီလျံဖိုး ဝယ်ယူခဲ့ရာ၌ ဆံပင်တု လုပ်ရန် ဆံချည်မျှင် ဒေါ်လာ ၁၅၃ သန်းဖိုးသည် အဓိကပို့ကုန်ဖြစ်ခဲ့ပြီး ဝါဂွမ်း ဒေါ်လာ သန်း ၈၀ ဖိုးနှင့် ဂုန်နီထုတ်ကုန် ဒေါ်လာ ၇၈ သန်းဖိုးတို့လည်း ပါဝင်ခဲ့ကြောင်း တရုတ်အကောက်ခွန်ဒေတာများအရ သိရသည်။
နှစ်ဖက်စလုံးသည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ရာမန်၏ အကြံပေး ရာရှဒ် အယ်လ်မာမွတ် တီတူမီရ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သော်လည်း တိကျသော သဘောတူညီချက်တစ်စုံတရာကို လက်မှတ်ရေးထိုးခဲ့ခြင်းမူ မရှိခဲ့ဟု ဆိုခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
