ကုန်ကျစရိတ် မြင့်မားသည့် သွေးခြင်ဆီ ပင်မကလာပ်စည်း အစား ထိုးကုသမှု မြောက်ဥက္ကလာပဆေးရုံကြီးတွင် လုပ်ဆောင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သွေးရောဂါဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း သွေးရောဂါလူနာ (၄)ဦး သွေးခြင်ဆီပင်မကလာပ် စည်းအစားထိုးကုသမှု (Hematopoietic Stem Cell Transplant – HSCT) ကို ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ပါမောက္ခ/ဌာနမှူး(သွေးရောဂါပညာ)၊ ပါမောက္ခဒေါက်တာ အေးအေးကြီး ဦးဆောင်သည့် အဖွဲ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုများ၌ အပြင်းစားသွေးကင်ဆာ လူနာတစ်ဦးကို ဖခင်ထံ မှ လှူဒါန်းသည့် ပင်မကလာပ်စည်းကို အသုံးပြု၍ သွေးခြင်ဆီအစားထိုးကုသခြင်းဖြင့် လည်းကောင်း၊ ပြန်ရည်ကြိတ်ကင်ဆာ ( Lymphoma ) လူနာ သုံးဦးကို လူနာ၏ ကိုယ်ပိုင်သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုဖြင့်လည်းကောင်း ကုသနိုင်ခဲ့ခြင်းဖြစ်ပြီး ကုသမှုခံယူသည့်လူနာများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ယခင်က သွေးခြင်ဆီ ပင်မကလာပ်စည်း အစားထိုးကုသမှုများကို မျိုးဗီဇချင်းတူညီသည့် အမြွှာပူးအဖြစ် မွေးဖွားလာသူအချင်းချင်းကြား၌သာ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ယခုအခါ တိုးတက်လာသည့် ဆေးပညာရပ်များအရ မျိုးဗီဇတစ်ဝက် တူညီမှုရှိသူ ( ဥပမာ- မိခင်၊ ဖခင်၊ သား၊ သမီး၊ ညီအစ်ကို၊ မောင်နှမ) များအကြား လှူဒါန်းသည့် ပင်မကလာပ်စည်းကို အသုံးပြု၍ သွေးခြင်ဆီ အစားထိုးကုသခြင်းကို ဆောင်ရွက်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး သွေးခြင်ဆီပင်မကလာပ်စည်း အစားထိုးကုသမှုကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌ သွေးကင်ဆာလူနာများတွင် ၂၀၁၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လူနာ၏ ကိုယ်ပိုင်ပင်မကလာပ်စည်းကို အသုံးပြုသော Autologous HSCT ဖြင့် သွေးရောဂါဆိုင်ရာ ကင်ဆာတစ်မျိုးဖြစ်သည့် Myeloma ၊ ပြန်ရည်ကြိတ်ကင်ဆာ Lymphoma လူနာ ၁၈ ဦးနှင့် အလှူရှင်ထံမှရသော ပင်မကလာပ်စည်း Allogeneic HSCT ဖြင့် အပြင်းစားသွေးကင်ဆာ Acute Myeloid Leukemia လူနာ သုံးဦး၊ စုစု ပေါင်း ၂၁ ဦးကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်လည်း ၂၀၁၆ ခုနှစ်မှ စတင်၍ သွေးခြင်ဆီပင်မကလာပ်စည်း အစားထိုးကုသမှု (HSCT) ဖြင့် သွေးရောဂါဆိုင်ရာ ကင်ဆာတစ်မျိုးဖြစ်သည့် Myeloma လူနာ (၁၃) ဦးကို ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိ ပြည်သူ့ဆေးရုံကြီးများတွင် မြန်မာနိုင်ငံသား ဆရာဝန်ကြီးများက ဦးဆောင်၍ သွေးခြင်ဆီ ပင်မကလာပ်စည်းအစားထိုး ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လူနာနှင့် လူနာ၏ မိသားစုဝင်များအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ကုသရသည့် ဆေးကုသမှုကုန်ကျစရိတ် အများအပြားကို လျှော့ချနိုင်လျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက ယင်းကုသမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။