နေပြည်တော် ဩဂုတ် ၃
ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးထိုးနှံရေးကို အခုနှစ်ကုန်မှာ နိုင်ငံ့လူဦးရေ ငါးဆယ်ရာခိုင်နှုန်းအထိ ရည်ရွယ်ထားတာကြောင့် ကာကွယ်ဆေး ရရှိအောင် ဆောင်ရွက်ဖို့လိုပြီး ဥစ္စာရင်လို ဥစ္စာရင်ခဲ စကားပုံနဲ့ ခိုင်းနှိုင်းကာဆောင်ရွက်ကြဖို့ နစက ခေါင်းဆောင်၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
နှစ်ကုန်မှာ နိုင်ငံ့လူဦးရေ တဝက်အထိ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ တစ်လကို ကာကွယ်ဆေးငါးသန်းအထိ ရရှိရန်လိုအပ်ပြီး နိုင်ငံတော်အစိုးအနေနဲ့ ရအောင်ကြိုးစားပေးရမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယမန်နေ့ မနက်(၁၀)နာရီက နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်(၁၉)ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးဆိုင်ရာ (၆)ကြိမ်မြောက်အစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ နစက ခေါင်းဆောင်က ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့တာပါ။
လက်ရှိမှာ ပထအကြိမ်ကာကွယ်ဆေး ငါးသန်း ရရှိနေပေမယ့်နောင် လတွေအတွက် အဆက်မပြတ်ရရှိဖို့ ဥစ္စာရင်လို ဥစ္စာရင်ခဲ စကားပုံနဲ့ဥပမာပေးခဲ့တာပါ။
ကာကွယ်ဆေး ရရှိဖိုအတွက် နိုင်ငံသုံးနိုင်ငံက ရရှိနိုင်ပြီး သေချာတဲ့ နိုင်ငံကနေ စာချုပ်ချုပ်ဆိုထားဖို့လိုအပ်ကြောင်းနဲ့ ကာကွယ်ဆေးဝယ်ဖို့ ငွေကြေး အလုံ အလောက်ရှိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
နစက ခေါင်းဆောင် အနေနဲ့ တရုတ်၊ရုရှားနဲ့ အိန္ဒိယ နိုင်ငံတွေကနေ ကာကွယ်ဆေးတွေ ဝယ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်နေတယ်လို့သိရပါတယ်။