ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ချေးငွေအများဆုံးထုတ်ယူထားသည့် တိုင်းဒေသကြီးဖြစ်ပြီး ပြန်လည်ပေးဆပ်ရန်မှာလည်း အများဆုံးကျန်ရှိနေသည့် တိုင်းဒေသကြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့် အထက် ကုမ္ပဏီ/လုပ်ငန်းရှင်များအား အဓိကထား ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ကိုဗစ်ချေးငွေများကို (၃) ကြိမ်ခွဲပြီး ၂၀၂၆ ခုနှစ် မတ်လအတွင်း အကျေပေးဆပ်ရန်တိုက်တွန်းထားပြီး ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းများနှင့် အရေးယူဆောင်ရွက်ရခြင်းထက် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ပိုင်ငွေအား ပြန်လည်ပေးဆပ်ရမည့် အသိစိတ်ဓါတ်ဖြင့် ပြန်လည်ပေးဆပ်စေလိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတနိုင်ငံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းက ချေးငွေများ အမြန်ဆုံးပြန်လည်ပေးဆပ်နိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ချေးငွေထုတ်ယူထားသော လုပ်ငန်းရှင်များကလည်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
