ကိုဗစ်ကာလမတိုင်ခင် ပြည်ပတင်ပို့မှုရှိခဲ့သည့် ငါးရံ့ခြောက်များကို ယခုအခါ ပြန်လည်တင်ပို့နိုင်ခြင်း မရှိတော့ကြောင်း ငါးခြောက်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များ၏ပြောပြချက်အရ သိရသည်။
အဆိုပါ ငါးရံ့ခြောက်များကို ကိုဗစ်ကာလမတိုင်ခင်က ပြည်ပဈေးကွက်ဖြစ်သည့် စင်ကာပူ၊ တရုတ်၊ ထိုင်း စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း တင်ပို့မှုရပ်နားခဲ့ရာမှ လက်ရှိအချိန်ထိ ပြန်လည်တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
” အခုက ပြည်တွင်းဈေး တစ်ခုတည်းကိုပဲ အားကိုးနေရတော့ ဈေးက ဘယ်ရမလဲ။ အရင်က ပြည်ပဈေးကွက်ရှိတော့ အရောင်းလည်းသွက်သလို ဈေးကောင်းလည်းရတယ်” ဟု ငါးခြောက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိ ဒေသငါးရံ့ငါးခြောက်ဈေးကွက်တွင် ငါးရံ့ခြောက် အကြီး တပိဿာ ၁၄၅,၀၀၀ ကျပ်၊ ငါးရံ့ ငါးခြောက်အလတ် တပိဿာ ၁၂၅,၀၀၀ ကျပ်၊ ငါးရံ့ ငါးခြောက်အသေး တပိဿာ ၁၀၈,၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသထွက် ငါးရံ့ခြောက်များ ပြုလုပ်ရန်အတွက် ငါးရံ့များကို ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မအူပင်မြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ပန်းတနော်မြို့နယ်များရှိ ရေချိုအင်းအိုင်များတွင် အများဆုံးရရှိကြောင်း သိရသည်။