ကိုဗစ်ကာကွယ်ဆေး ၁သန်းအပါအဝင် အမေရိကန်ဒေါ်လာ၁၇သန်း မြန်မာကို ဂျပန်ထောက်ပံ့မည်
မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး လုံလောက်မှုရှိစေဖို့ အတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးအကြိမ်၁သန်း ထောက်ပံ့လှူဒါန်းသွားမယ်လို့ နီပွန်ဖောင်ဒေးရှင်းဥက္ကလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာအမျိုးသားပြန်လည်သင့်မြတ်ရေး ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စတာဆာဆာကာဝါက ပြောပါတယ်။
ဖြစ်နိုင်ရင်ပိုပြီးလှူဖို့ ရှိတယ်လို့ မစ္စတာဆာဆာကာဝါက ဆက်ပြောပြီး ကိုဗစ်ကာကွယ်ဆေး၁သန်းကို အမြန်ဆုံးရောက်အောင်ပို့မယ်လို့ မစ္စတာဆာဆာကာဝါကပြောပါတယ်။
မစ္စတာဆာဆာကာဝါက မြန်မာနိုင်ငံကို ပေးလှူဖို့ လျာထားတဲ့ အမေရိကန်ဒေါ်လာငွေဟာ ၁၇သန်းရှိတယ်လို့လည်း ပြောပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာနိုင်ငံထဲက IDP စခန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃.၅သန်း လျာထားထားတဲ့အကြောင်း ၊ ကချင်ပြည်နယ်အတွင်းက IDP စခန်းတွေနဲ့ IDP စခန်းရောက်သူတွေ မူလနေရပ်ပြန်ရောက်စေဖို့ ကိစ္စ၊ နေအိမ်တွေ ဆောက်လုပ်မယ့်ကိစ္စအတွက် အမေရိကန်ဒေါ်လာ ၂.၆သန်း လျာထား ထားတဲ့အကြောင်း ၊ ပြီးတော့ ရခိုင်ပြည်နယ်အတွင်း မူလတန်း၊ အလယ်တန်း စာသင်ကျောင်းတွေ ဆောက်လုပ်ရေး အပါအဝင် အကူအညီများအတွက် အမေရိကန်ဒေါ်လာ ၈.၅သန်း လျာထား ထားတဲ့အကြောင်းလည်း ပြောပါတယ်။
လှူဒါန်းမှုတွေက နီပွန်ဖောင်ဒေးရှင်းက ဆောင်ရွက်မှာဖြစ်ပြီး ရန်ကုန်မှာလည်း နီပွန်ဖောင်ဒေးရှင်းရုံး ရှိတယ်လို့ မစ္စတာဆာဆာကာဝါက ဆက်ပြောပါတယ်။ မစ္စတာဆာဆာကာဝါဟာ ယခု မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ခဲ့တာရှိပါတယ်။
