မွန်ပြည်နယ်၊မော်လမြိုင်မြို့၊မုပွန်အိုးရုံလမ်းရှိ ချောင်းထဲသို့ ဒီဇင်ဘာ ၂၈ ရက်ညပိုင်းက ကိုယ်ပိုင်ကားတစ်စီးချောင်းထဲသို့ထိုးကျသွားခဲ့သည်ဟု မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။
ယင်းနေ့ည ၉ နာရီကျော်ခန့်က ကိုယ်ပိုင်ကားတစ်စီးသည် မော်လမြိုင်မြို့၊မုပွန်အိုးရုံလမ်းရှိ ချောင်းထဲသို့ထိုးကျသွားခဲ့ကြောင်း သတင်းအရ လူမှုကူညီရေးအသင်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဥ်ကြောင့် ကားမောင်းလာသူမှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ချောင်းထဲထိုးကျသွားတာကိုတော့တာဝန်ရှိတဲ့လူတွေစစ်ဆေးနေပါတယ် ကျွန်တော်တို့ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အချိန်ကတော့ ကားမောင်းတဲ့လူတစ်ယောက်ပဲတွေ့ခဲ့တယ် ဘယ်ကလည်းဆိုတာကိုစုံစမ်းနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
သေဆုံးသွားသည့် ကားမောင်းသူအား ဆေးရုံသို့ပို့ဆောင်ပြီးနောက် အခင်းဖြစ်နေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လူမှုကူညီရေးအသင်းများက ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။


