ယနေ့ ဇူလိုင်လ (၃၁) ရက်တွင် နေပြည်တော်၌ ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးသို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူပါ တက်ရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်းမှ စတင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြန်လည်ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ထူးခြားသည့် ဖြစ်စဉ်တစ်ခုအနေဖြင့် စိတ်ဝင်စားမှုများလည်း ရှိနေသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၂၅)အရ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုမှာ သာမန်အခြေအနေမဟုတ်သေးဟုဆိုကာ အရေးပေါ်ကာလကို (၆)လသက်တမ်းတိုးထားသည်မှာ ယနေ့ ဇူလိုင်လ (၃၁) ရက်တွင် သက်တမ်းပြည့်ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်က ကျင်းပသည့် ကာလုံအစည်းအဝေးအပါအဝင် ယခင်က ကျင်းပခဲ့သည့် ကာလုံအစည်းအဝေးများတွင် ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအကြောင်းပြကာ တက်ရောက်ခြင်း မရှိခဲ့ဘဲ ယခုတကြိမ်မှ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာလုံသို့ (၆) လတာအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့် (၆)လ သက်တမ်းထပ်တိုးရန် တင်ပြခဲ့ရာ ခွင့်ပြုလိုက်ကြောင်းနေပြည်တော် သတင်းရင်းမြစ်များနှင့်နီးစပ်သော အသိုင်းဝိုင်း ထံမှ စုံစမ်းသိရသည်။