ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု(၂၁၈)တန်လျှော့ချပေးနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဒီဇင်ဘာ ၂၄ ရက်က ယင်း တက္ကသိုလ်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia တို့တက်ရောက်ခဲ့ပြီး တရုတ်သံအမတ်ကြီးမှ တရုတ်သံရုံးသည် မြန်မာနိုင်ငံ၏ သဘာဝဘေးအလွန်ပြန်လည်တည်ဆောက်ရေးအတွက် အမြဲဂရုစိုက်နေသည်ဟု ပြောသည်။
ထို့ပြင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် နေ ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်ထောက်ပံ့ပေးခြင်းကြောင့် တက္ကသိုလ်၏ လျှပ်စစ် ဓာတ်အားပြဿနာကိုထိရောက်စွာဖြေရှင်းပေးရုံမက တရုတ်-မြန်မာ စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် စွမ်းအားသစ်များထည့် သွင်းလိုက်ခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ တည်ငြိမ်သောလျှပ်စစ်ဓာတ်အားထောက်ပံ့မှုသည် ပညာသင်ကြားမှုအခြေအနေများကို သိသိသာ သာ တိုးတက်ကောင်းမွန်စေပြီး သိပ္ပံနည်းကျ သုတေသနနှင့် သင်ကြားရေးချောမွေ့စွာ ရှေ့ဆက်သွားစေရန် အ ထောက်အကူပြုပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးခေတ်မီစွာတိုးတက်ရန်အတွက် အဖိုးတန် ပံ့ပိုးမှုများကိုလည်းထောက်ပံ့ပေးသည်ဟု ပြောကြားခဲ့သည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်သည် နှစ်စဉ် လျှပ်စစ်ဓာတ်အား(၂၅၆,၀၀၀)ကီလိုဝပ်နာရီထုတ်လုပ်ပေးပြီး တက္ကသိုလ်၏ လျှပ်စစ်ဓာတ်အားကုန်ကျစရိတ် အမေရိကန်ဒေါ်လာ(၃၀,၀၀၀)ကျော်ကိုသက်သာစေပြီး စွမ်းအင်သိုလှောင်ဘက်ထရီသည် အရေးပေါ်ဓာတ်အား(၆)နာရီထောက်ပံ့ပေးနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု(၂၁၈)တန်လျှော့ချပေးနိုင်ကြောင်း သိရသည်။
