ဘာမာကို၊ဖေဖော်ဝါရီ ၆
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်သည် ယခုသီတင်းပတ်အတွင်း မာလီသို့နှစ်ရက်ကြာလာရောက်လည်ပတ်မည်ဖြစ်ကြောင်း မာလီနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ယခုခရီးစဉ်သည် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများခိုင်မာစေရန်ရည်ရွယ်ကြောင်းလည်း ဖော်ပြခဲ့သည်။
လားရော့ဗ်သည်တနင်္လာနေ့တွင် ဘာမာကိုသို့ရောက်ရှိမည်ဖြစ်ပြီး ယခုတွေ့ဆုံမှုသည် ယူကရိန်းသို့ရုရှားကျူးကျော်မှုကြောင့် အနောက်အုပ်စုများနှင့်ရုရှားတို့ တစောင်းစေးနှင့်မျက်ချေးဖြစ်နေစဉ် ရုရှား၏မိတ်ဖက်ချဲ့ထွင်မှုတစ်ခုလည်းဖြစ်ကြောင်းဆိုသည်။
မစ္စတာလားရော့ဗ်၏ခရီးစဉ်သည် မာလီနှင့်ရုရှားခေါင်းဆောင်များ၏ ခိုင်မာသောဆန္ဒနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဦးစားပေးကဏ္ဍများ အထူးသဖြင့် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာဆက်ဆံရေးအတွက် တွန်းအားသစ်များ ပေးဆောင်ရန်လည်းဖြစ်သည်ဟုဆိုသည်။
မာလီသည် အယ်လ်ကိုင်ဒါကဲ့သို့သော စစ်သွေးကြွများကိုတိုက်ခိုက်ရာ၌ပါဝင်နေသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကာ ပြီးခဲ့သည့်နှစ်ကလည်း ရုရှားသမ္မတပူတင်က မာလီနှင့်အတူပူးပေါင်းကာ စစ်သွေးကြွများကိုတိုက်ထုတ်ပေးမည်ဖြစ်ကြောင်းကတိပြုခဲ့ပြီး လောင်စာနှင့်မြေဩဇာအပါအဝင် ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးတန်ဖိုးရှိသည့် အစားအသောက်များကိုလည်း ထောက်ပံ့ပေးမည်ဟုထပ်မံကတိပြုခဲ့သည်။
မာလီသည်စစ်သွေးကြွများအားတိုက်ခိုက်ရာ၌ ရုရှားကြေးစားစစ်သားများကိုအသုံးပြုသည်ဟု အားလုံးကဆိုကြသော်လည်း မာလီကမူအဆိုပါရုရှားတပ်များသည် ကြေးစားစစ်သားများမဟုတ်ပဲ မာလီတပ်ဖွဲ့ဝင်များအား ရုရှားဝယ်ယူသောလက်နက်များအတွက် လာရောက်သင်တန်းပို့ချပေးခြင်းသာဖြစ်သည်ဟုဆိုသည်။
လက်ရှိအချိန်တွင် မစ္စတာလားရော့ဗ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးအတွက် အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့သို့ရောက်ရှိနေကြောင်းသိရသည်။
Source : Reuters