မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေး ကဏ္ဍအလိုက် အလေးထားဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးတွင်ပြောကြားခဲ့သည်။
အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းပြီး ကာကွယ်စောင့်ရှောက်မှုများပေးနေသကဲ့သို့ ဥပဒေနှင့်အညီ ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီရှစ်ခုဖွဲ့စည်း၍ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးကိုရှေးရှု၍ ကော်မတီအနေဖြင့် အမျိုးသားအဆင့် စီမံချက်ပါလုပ်ငန်းအစီအမံများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ပထမငါးနှစ်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ကို သက်ဆိုင်ရာကဏ္ဍများအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိရာ အသက် ၁၈ နှစ်အောက် လူဦးရေသည် နိုင်ငံ့လူဦးရေ၏ ၃၃ ဒသမ ၃၁ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြကြောင်း သိရသည်။
အဆိုပါကျေးလက်ဒေသရှိ ကလေးသူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့်သန့်ရှင်းမှုဆိုင်ရာဝန်ဆောင်မှု၊ ပညာသင်ကြားခွင့်ဆိုင်ရာအခွင့်အရေးများကို အကန့်အသတ်ဖြင့်သာရရှိနေကြသဖြင့် နိုင်ငံတော်အနေဖြင့် မွေးကင်းစမှသည် အသက် ၁၈ နှစ်ပြည့်သည်အထိ ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး အသက်ရှင်သန်ရပ်တည်ရေးတို့မှအစ စီမံကိန်းများချမှတ်လျက် ပြုစုစောင့်ရှောက်ကာကွယ်မှုများပေးလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
