အီတလီစီးရီးအေ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့်ဂျူဗင်တပ်အသင်းသည် ကလပ်လိုင်စင်နှင့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့မှုကြောင့် ဥရောပပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ၁ နှစ် ပိတ်ခံလိုက်ရကြောင်း သိရသည်။
အဆိုပါပြစ်ဒဏ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေအဖြစ် ယူရိုပေါင်သန်း ၂၀ ချမှတ်ခဲ့ကာ ဖီအိုရင်တီးနားသည် ယခုရာသီ ကွန်ဖရင့်လိဂ်တွင် ဂျူဗင်တပ်စ်၏ နေရာကို အစားထိုး၀င်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဂျူဗင်တပ်အသင်းသည် အပြောင်းအရွှေ့ကိစ္စများနှင့် ငွေကြေးသုံးစွဲမှုများတွင် စာရင်းလိမ်ညာပြီး ခဝါချမှုစစ်ဆေးတွေ့ရှိရသည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရားရုံးက ၁၅ မှတ်လျော့ချခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ် ဧပြီလတွင် တာ၀န်ရှိသူများက ဂျူဗင်တပ်အသင်းကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့သည်။
၁၅ မှတ်ပြန်လည် ဖြည့်တည်းပေးအပြီး ၂၀၂၃ ခုနှစ်မေလ ၂၂ ရက်တွင် အီတလီနိုင်ငံ၏ အယူခံကြားနာရေး ဖက်ဒရယ်ကောင်စီက ဂျူဗင်တပ်ကို ၁၀ မှတ် အမှတ်လျှော့ပြစ်ဒဏ် ပြန်လည်ချမှတ်ခဲ့ပြန်သည်။
အထက်ပါပြစ်ဒဏ်များကြောင့် ဂျူဗင်တပ်အသင်းသည် ၂၀၂၂/၂၀၂၃ ရာသီပြီးဆုံးချိန်တွင် ရမှတ် ၆၂ မှတ်ဖြင့် အဆင့် ၇ နေရာဖြင့် ကွန်ဖရင့်လိဂ်ပြိုင်ပွဲကိုသာ ၀င်ပြိုင်ခွင့်ရခဲ့သည်။
သို့သော်လည်း ယခုထပ်မံချမှတ်ခံရသည့် ပြစ်ဒဏ်ကြောင့် ဂျူဗင်တပ်အသင်းသည် ကွန်ဖရင့်လိဂ်ပြိုင်ပွဲနှင့်ပါ ဝေးကွာသွားပြီဖြစ်ကြောင်း သိရသည်။