ပါကစ္စတန်နိုင်ငံ ကရာချီကမ်းလွန်တွင် ပျေ-ာက်ဆုံးသွားခဲ့သည့် K2 Airways ပိုင် ဘိုးရင်း ၇၃၇ ကုန်တင်လေယာဉ်၏ အပျ-က်အစီးများကို ပျေ-ာက်ဆုံးပြီး ၁၂ နာရီအကြာတွင် ရေနက်ရှာဖွေရေးလုပ်ငန်းများအတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသည့် အမှုထမ်း ၅ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ပါကစ္စတန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်လေဆိပ်အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ လေယာဉ်အပျ-က်အစီးများကို အော်မရာ (Ormara) ဆိပ်ကမ်း၏ တောင်ဘက် ၉၈ ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေယာဉ်ပျ-က်ကျရာနေရာအား ရှာဖွေရန် ပါကစ္စတန်ရေတပ်နှင့် ပါကစ္စတန်ရေကြောင်းလုံခြုံရေးအေဂျင်စီတို့က လေကြောင်းနှင့် ရေကြောင်းရှာဖွေရေးကိရိယာများ အသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အမှုထမ်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်တင်လေယာဉ်သည် လမ်းကြောင်းပြစနစ် (Navigation System) ချို့ယွင်းနေကြောင်း အရေးပေါ်သတင်းပို့ခဲ့ပြီးနောက် အာရေဗျပင်လယ်အတွင်း ပျေ-ာက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာအာဏာပိုင်များအား ညွှန်ကြားခဲ့သည်။
K2 Airways ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် လေယာဉ်မှူး ၂ ဦး၊ အင်ဂျင်နီယာ ၂ ဦးနှင့် အထောက်အကူပြုဝန်ထမ်း ၁ ဦး စုစုပေါင်း ၅ ဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ အမှုထမ်းများ၏ အခြေအနေကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၎င်းတို့၏ မိသားစုဝင်များအတွက် အလွန်ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဝန်ကြီးချုပ် ရှရစ်ဖ်က ပြောကြားခဲ့သည်။
လေယာဉ်ခရီးစဉ် ခြေရာခံဝက်ဘ်ဆိုက် Flightradar24 ၏ အချက်အလက်များအရ အဆိုပါလေယာဉ်သည် ပျေ-ာက်ဆုံးမသွားမီ အမြင့်ပေ ရုတ်တရက်ကျဆင်းမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ကရာချီမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း ပျ-က်ကျခဲ့ဖွယ်ရှိကြောင်း သိရသည်။
Ref: The Straits Times
