ကရင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာဒေသများရှိ ပြည်သူ ၁၀၀၀ ကျော်အတွက် လူသားချင်းစာနာမှုအထောက်အပံ့များ ပေးအပ်ခဲ့ဟု ICRC ထုတ်ပြန်
ကရင်ပြည်နယ် ကမမောင်း၊ အုန်းတောနှင့်မြိုင်ကြီးငူ မြို့ရှိဒေသခံပြည်သူ ၁၅၀၀ အတွက် လူသားချင်းစာနာမှုအထောက်အပံ့များပေးအပ်ခဲ့သည်ဟု ICRC ယနေ့ ဇူလိုင်၁၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းဒေသများအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ပိုမိုများပြားလျက်ရှိသည်ဟုလည်းဆိုသည်။
ထို့အပြင် ဖာပွန်နှင့် ဘားအံမြို့နယ်အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း လူပေါင်းထောင်ချီ၍ ယာယီခိုလုံရာနေရာများတွင် လာရောက်ခိုလုံနေထိုင်နေကြသည်ဟု သိရသည်။
“အခုဆို ကျွန်မတို့ ဒီကိုရောက်နေတာ လေးလလောက်ရှိနေပြီ၊ နေရထိုင်ရတာရော လုပ်ကိုင်ရှာဖွေရတာရော အကုန်ခက်ခဲပါတယ်။ ဒီရက်ပိုင်း စျေးမှာ ဆန်၊ ဆီ၊ ဆား ဝယ်ရတာ အရမ်းစျေးကြီးတယ်” ဒေသခံ တစ်ဦးက ICRCတာဝန်ခံတစ်ဦးကိုလည်းပြောကြားထားသည်။
လက်ရှိတွင် အကူအညီလိုအပ်လျက်ရှိသည့် ဒေသခံများထံသို့ စောင်၊ ဖျာ၊ တာပေါ်လင်၊ ခြင်ထောင်၊ ရေစစ်အိုး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် အစားအစာနှင့် အခြားလိုအပ်သည့်ပစ္စည်းများကို ပေးဝေခဲကြောင်း သိရသည်။
ICRC အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသည့် ရပ်ရွာလူထုအားလုံးအတွက်ဆောင်ရွက်ပေးနေသကဲ့သို့ ကရင်ပြည်နယ်အတွင်းရှိ လိုအပ်မှုအများဆုံးရှိနေသော ရပ်ရွာများရှိ ဒေသခံပြည်သူများဆီ ထောက်ပံကူညီမှုများအမြန်ရောက်ရှိရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။