အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဂိုရှန်(Goshen)မြို့မှ အိမ်တစ်အိမ်တွင် တနင်္လာနေ့ မနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သည်။
သေဆုံးသွားသူများအနက် အသက် ၁၇ နှစ်အရွယ်မိခင်နှင့် သူ၏ ၆ လသားကလေးငယ်တို့ ပါဝင်ကြောင်း Tulare ကောင်တီ ရဲအရာရှိ Mike Boudreaux က သတင်းထောက်များကို ပြောပါတယ်။ နှစ်ဦးစလုံး ဦးခေါင်းတွင် သေနတ်ထိမှန်ခဲ့ကြောင်းကိုလည်း သူက ပြောသည်။
ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ခြောက်ဦးစလုံးကို တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။ အားလုံး သေဆုံးကြောင်းကိုလည်း သတင်းထုတ်ပြန်ခဲ့သည်။
“ဒါဟာ ပစ်မှတ်ထားခြင်းခံရတဲ့ မိသားစုတစ်ခုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရဲမှူးက ပြောကြားခဲ့သည်။
ယခုပစ်ခတ်မှုသည် မူးယစ်ဆေးဝါးဂိုဏ်းတို့မှ သုတ်သင်ခြင်း ပုံစံမျိုးဖြစ်ကြောင်းကိုလည်း ရဲမှူးကပြောသည်။
သေနတ်သမား ၂ ဦးထက်မနည်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကဆိုသော်လည်း ယခုအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးချေ။