အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းတွင် ဒေသစံတော်ချိန် အင်္ဂါနေ့နံနက် အရုဏ်မတက်မီအချိန်က ပြင်းအား ရစ်ခ်ျတာစကေး ၆.၄ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နေအိမ်များနှင့် လမ်းများ ပျက်စီးပြိုကျကာ ထောင်နှင့်ချီသော ဒေသခံများ ရေနှင့် လျှပ်စစ်မီး ပြတ်တောက်လျှက်ရှိသည်။
လူတစ်ဒါဇင်ထက်မနည်း ဒဏ်ရာရခဲ့ပြီး အခြားနှစ်ဦးမှာ ငလျင်လှုပ်ခတ်မှုအတွင်း သို့မဟုတ် အပြီးတွင် ဖြစ်ပွားခဲ့သော ထိခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း Humboldt ကောင်တီ ရဲအရာရှိရုံးမှ ပြောကြားသည်။
အဆိုပါမြေငလျင်မှာ ဒေသစံတော်ချိန် နံနက် ၂နာရီခွဲခန့်တွင် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၈၀ခန့် လှုပ်ခတ်သွားသည်။ ငလျင်ဗဟိုချက်မှာ ဆန်ဖရန်စစ္စကို ကမ်းလွန်ရှိ Humboldt ကောင်တီ၏ မြောက်ဘက် ၂၁၅ မိုင် (၃၅၀ ကီလိုမီတာ) အကွာတွင်ဖြစ်သည်။
ငလျင်လှုပ်ခတ်မှုအပေါ် အရေးပေါ်တုံ့ပြန်မှုကို ပံ့ပိုးပေးရန်အတွက် Humboldt ကောင်တီတွင်အရေးပေါ်အခြေအနေတစ်ရပ်ကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsomကကြေညာခဲ့သည်။